နေပြည်တော် ဇွန် - ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ခေတ္တကျောင်းအုပ်ကြီးက သင်တန်းကျောင်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားကာ ပြည်ပမှ သင်တန်းသားများ လာရောက်ပညာသင်ကြားပါက နေထိုင်နိုင်ရေး တည်ဆောက်ထားရှိသည့် အခြေအနေများ၊ သင်တန်းသားများအား တင့်ကားအစစ်ဖြင့် လေ့ကျင့်ပါက လေ့ကျင့်မှု ကုန်ကျစရိတ်နှင့် တင့်ကား၏ စွမ်းဆောင်ရည်ပိုင်းကိုလည်း ထိခိုက်စေနိုင်သည့်အတွက် အမျိုးမျိုးသော Tank simulator များဖြင့် စနစ်တကျ သင်ကြားလေ့ကျင့်ပြီးမှသာလျင် တင့်ကားအစစ်များဖြင့် လေ့ကျင့်ပေးလျက်ရှိသည့် အခြေအနေများ၊ အရေးပေါ်အခြေအနေနှင့် ကမ်းတက်စစ်ဆင်ရေးများတွင် ရေကူးကျွမ်းကျင်မှုနှင့် ရေအောက်တွင် လှုပ်ရှားသွားလာ၍ တင့်ယာဉ်များအား ထိန်းသိမ်းနိုင်ရေးအတွက် ရေကူး၊ ရေငုပ် လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ခေတ္တကျောင်းအုပ်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။
အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၂ ခန့်ကြာမြင့်ပြီဖြစ်သည့် သမိုင်း အစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်သင်တန်းအထိ သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ယာဉ်မောင်းနှင်မှုအပြင် အခြားကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် စစ်ပညာကျွမ်းကျင်မှု သင်တန်းများကိုပါကို ဘက်စုံကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းပြီး တင့်တပ်ခွဲမှူးများကို စစ်မြေပြင်တွင် ချက်ချင်းကွပ်ကဲအုပ်ချုပ်နိုင်သည်အထိ လေ့ကျင့်ပေးထားပြီးဖြစ်ပြီး လိုအပ်ပါက တင့်ကားတပ်ရင်း ခေါင်းဆောင်အဖြစ် ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းမှ သင်တန်းဆင်းပြီး အရာရှိများသည် အမျိုးမျိုးသော တင့်ကား အမျိုးအစားများကို မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကွပ်ကဲအုပ်ချုပ်မှုကောင်းသည့် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်စေရန် လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိကြောင်း၊ ရုရှားတပ်မတော် စစ်ဦးစီးချုပ် Army General V.V Gerasimov တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းကျောင်းလည်း ဖြစ်ပြီး သင်တန်းဆင်း အရာရှိများအနက်မှ ဗိုလ်ချုပ်အဆင့်အထက်အရာရှိ ဦးရေ ၁၀၀ ကျော်နှင့် သူရဲကောင်းဘွဲ့ရရှိသူ ၁၀ ဦးအထိရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


