ကျောက်ဆည် ဇွန် ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (GreenGrowth) ဆရာဖြစ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ မီးရရှိရေး၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဝင် ကျေးရွာများတွင်ဆောင်ရွက်ရန် ကနဦးလျာထားကြောင်း၊ အဆိုပါ ကျေးရွာများတွင် စီမံကိန်းဆိုင်ရာ အချက်အလက်များ ကောက်ယူနိုင်ရေး အမှတ်ပေးစည်းမျဉ်းများ၊ လုပ်ငန်းစဉ်များအား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ ကျောက်ဆည်၊ တံတားဦး၊ မြစ်သား၊ ပုသိမ်ကြီး၊ စဉ့်ကိုင်မြို့နယ် ငါးခုမှ ဝန်ထမ်း ၁၀ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းနည်းပြ ၃ ဦးမှ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ သင်ခန်းစာများအား တစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ