ကျောက်ဆည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး ကျေးရွာများအား မြစိမ်းရောင် ကျေးရွာစီမံကိန်းအဖြစ် အရင်းအပျောက် မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ထုတ်ချေးပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၆ ရက် နံနက် (၁၀) နာရီက စဉ့်ကိုင်မြို့နယ် ဒေါင့်ကြီးကွေ့ကျေးရွာတွင် (ပဉ္စမ) ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၄) ဦးအတွက် ငွေကျပ် (၂၉၃) သိန်း၊ မွေးမြူရေး လုပ်ကိုင်သူ (၄၂) ဦးအတွက် ငွေကျပ် (၂၈၃) သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၆) ဦးအတွက် ငွေကျပ (၃၄) သိန်း၊ စုစုပေါင်း အသင်းသူ/ အသင်းသား (၁၀၂) ဦးအား ငွေကျပ် သိန်း (၅၁၀) ကို ထုတ်ချေးပေးရာ လုပ်ငန်းများ အဆင်ပြေချေမွေ့စေရေး ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ (၅၀) ရာခိုင်နှုန်းဖြင့် ဖွင့်လှစ်ရောင်းချနေသည့် သက်သာကုန်စုံဆိုင်အား သွားရောက်ခဲ့ကာ လိုအပ်သည့် လမ်းညွှန်မှုများပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေများကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်မှ စတင်ကာ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ပုသိမ်ကြီး မြို့နယ်များအတွင်းရှိ ကျေးရွာသို့ ထုတ်ချေးပေးလျက်ရှိရာ (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၉) ရွာ၊ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၆၄) ရွာ၊ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၄၁) ရွာ၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၃၇) ရွာ၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၂၄) ရွာ၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင်ကျေးရွာ (၂၀) ရွာ၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကျေးရွာ (၁၃) ရွာတို့အား အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


