မြောက်ဦး ဇွန် ၂၇

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ နွေရာသီတွင် သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေများ ရရှိ‌ရေးအတွက် ကျေးရွာ (၃၄) ရွာတွင် ရေသန့်စင်စနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့်  ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာတွင် မြေသား ရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ Life Straw ရေသန့်စင်စနစ်နှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း (၃၈) ခုကို တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် ဆန်းမြင့်မိုရ်အောင်ကုမ္ပဏီ၊ Libra-92 ကုမ္ပဏီနှင့် စကားလတ်ကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမှာ ၈၅ ရာခိုင်းနှုန်းခန့်ထိ ပြီးစီးနေပြီဖြစ်သည်။

 

ယင်းသို့ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူ ဦးဆောင်သည့်အဖွဲ့က လာမည့်ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်း စစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ၎င်းကျေးရွာများရှိ အိမ်ထောင်စုများမှ ကျေးရွာနေ ပြည်သူများမှာ နွေရာသီတွင် သောက်သုံးများ ပြတ်လပ်မှုမရှိတော့ဘဲ သန့်ရှင်းသော သောက်သုံးရေများ ဖူလှုံစွာရရှိလာမည်ဖြစ်၍ ၎င်းတို့မိသားစုဝင်များ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

တင်ဝင်း