ရန်ကုန်၊ ဇွန် ၂၇

 

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော City Taxi များ ဇူလိုင် ၁ ရက်မှစတင်၍ တောင်ဉက္ကလာပမြို့နယ် ဘေလီတံတားအနီးတွင် လိုင်စင်သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း YRTC မှ သိရသည်။

 

လိုင်စင်သက်တမ်းတိုးခြင်းကို တောင်ဉက္ကလာပမြို့နယ်၊ အမှတ် ၂၉၇၊ သံသုမာလမ်း၊ ၁၅ ရပ်ကွက်၊ ဘေဘီတံတားထိပ် YUPT ရုံးအနီးတွင် ယာဉ်မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ရန်ကုန်စီးတီးတက္ကစီများ မြို့တော်အင်္ဂါနှင့်အညီ သန့်ရှင်းသပ်ရပ်စွာ ပြေးဆွဲနိုင်ရန်နှင့် ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာစေရန်၊ ပြည်တွင်းပြည်ပ ခရီးသွားများ စီးတီးတက္ကစီယာဉ်ကို စီးနင်းရာ၌ အဆင်ပြေချောမွေ့စေရန် စသောရည်ရွယ်ချက်ဖြင့် လိုင်စင်သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စီးတီးတက္ကစီယာဉ်များ လိုင်စင်သက်တမ်းတိုးရာတွင် ယာဉ်အနေဖြင့် သက်တမ်းရှိ ဝှီးတက်မိတ္တူ စောင်၊ လုပ်ငန်းလိုင်စင် (တြိဂံ/အပိုင်း /) မိတ္တူ ၁ စောင်၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် ရှေ့စာမျက်နှာ အမည်ပေါက်စာမျက်နှာ သက်တမ်းရှိ စာမျက်နှာမိတ္တူ ၁ စောင်ကိုလည်းကောင်း၊ ယာဉ်ပိုင်ရှင်အနေဖြင့် ယာဉ်ပိုင်ရှင်နေထိုင်သည့် အိမ်ထောင်စ စာရင်းမိတ္တူ ၁ စောင်၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ၊ ယာဉ်ပိုင်ရှင်ဓာတ်ပုံတစ်ပုံ၊ ယာဉ်မောင်းအနေဖြင့် သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်သို့မဟုတ်လိုင်စင်မိတ္တူ စောင်၊ နိုင်ငံသားကတ်မိတ္တူ ၁ စောင်၊ အိမ်ထောင်စုစာရင်းမိတ္တူ ၁ စောင်၊ ၃ လအတွင်း နေထိုင်ခဲ့သော ရပ်ကွက်ထောက်ခံစာမိတ္တူ ၁ စောင်နှင့် ၁ လက်မခွဲ ၂ လက်မဓာတ်ပုံ ၂ ပုံတို့ ယူဆောင်လာရမည်ဖြစ်သည်။

 

ကျွန်တော်တို့ စီးတီးတက္ကစီတွေကို ဇူလိုင် ၁ ရက်နေ့ကစပြီး တောင်ဉက္ကလာပမှာ မှတ်ပုံတင် ဝန်ဆောင်မှုပေးပါပြီ။ ယာဉ်မှတ်ပုံတင် သက်တမ်းနဲ့ လုပ်ငန်းလိုင်စင် သက်တမ်းရှိတဲ့ တက္ကစီယာဉ်အားလုံး စီးတီးတက္ကစီမှတ်ပုံတင် ဆောင်ရွက်ပေးသွားမှာပါ။ လာရောက် ဆောင်ရွက်တဲ့အခါမှာ ယာယီရပ်ဆိုင်းထားတဲ့ ကာလနဲ့ အဲ့ဒီကာလမတိုင်မီက ကျန်ရှိခဲ့တဲ့လလွန်၊ နှစ်လွန်ကြေးတွေကို ကင်းလွတ်ခွင့်ပြုပြီးတော့ ရက်ချိန်းပေးထားတဲ့ ယာဉ်တွေအနေနဲ့ သတ်မှတ်ကာလ ကျော်လွန်ပြီး လာရောက်မယ်ဆိုရင် ယခင်စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမှာပါဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဘက် အတွင်းရေးမှူး ဦးလျံကျစ်မာန်က ပြောသည်။

 

ရန်ကုန်မြို့တွင်ပြေးဆွဲနေသော စီးတီးတက္ကစီ ၆၅၀၀၀ ခန့်ရှိပြီး တစ်နိုင်ငံလုံးတွင် အစီးရေ ၈၀၀၀၀ ခန့်ရှိရာ   ကျန်သောနယ်မြို့တို့တွင် ရှိသော အစီးရေ ၁၂၀၀၀ ခန့်၌ အချို့မှာ ရန်ကုန်မြို့တွင် ပြေးဆွဲသောကြောင့် ရန်ကုန်မြို့ပြအင်္ဂါနှင့်အညီ ပြေးဆွဲနိုင်ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရန် စီးတီးတက္ကစီများကို လိုင်စင်သက်တမ်း တိုးပေးခြင်းဖြစ်ပြီး အစုအဖွဲ့အနေဖြင့် အပြန်အလှန် ကူညီဆောင်ရွက်နိုင်ရန် စီးတီးတက္ကစီယာဉ်ပိုင်ရှင်အသင်းကိုလည်း ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း YRTC မှ သိရသည်။

 

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တက္ကစီအချို့လည်း ပြေးဆွဲလျက်ရှိရာ ပို့ကုန်/သွင်းကုန် ဉပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး YRTC အနေဖြင့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တက္ကစီများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ခေတ္တဆိုင်းငံ့ ထားခဲ့ကာမှ ဇူလိုင် ၁ ရက်နေ့မှစ၍ လိုင်စင်သက်တမ်းတိုးခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ ထိုသို့ပေးရာ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းနှင့်အညီ လိုက်နာကြရန်နှင့် ချိန်းဆိုသောရက်အတွင်း လာရောက်ရန်၊ သက်တမ်းတိုးယာဉ်ကို ယူဆောင်လာရန်မလိုဘဲ စာရွက်စာတမ်း ပြည့်စုံစွာဖြင့် ဆောင်ရွက်မည့် သူတစ်ဦးတည်း လာရောက်နိုင်ပြီး ယာဉ်မှတ်ပုံတင်သက်တမ်းနှင့် လုပ်ငန်းလိုင်စင်သက်တမ်းရှိသော တက္ကစီယာဉ်များ အားလုံး တောင်ဉက္ကလာပမြို့နယ် ဘေလီတံတားအနီးတွင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ညိမ်းသူ

ဓာတ်ပုံကနူး