မြိတ် ၂၈ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ(၂၇)ရက်က စန္ဒဝတ်ကျေးရွာအုပ်စုရှိ အမှတ်(၉၃၇)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းတွင် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြသည်။
“ပန်းခင်းစီမံချက်နဲ့ ရပ်ကွက်/ကျေးရွာပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ စက်ရုံအလုပ်ရုံတွေ၊ သင်တန်းကျောင်းတွေ၊ ဂေဟာတွေကို ဘက်စုံဆောင်ရွက်ပေးနေပါတယ်။ ရုံးဖွင့်ရက်တွေမှာ မြိတ်တောင်ကျေးရွာရှိ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးခန်းမမှာ ကွင်းအဖြစ် သတ်မှတ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူတွေကို ဆောင်ရွက်လျက် ရှိပြီးတော့ မြို့နယ်ရုံးမှာ တစ်မြို့နယ်လုံး ဆောင်ရွက်ပေးနေပါတယ်။ ရုံးပိတ်ရက်တွေမှာ အမှုတွဲ ကြိုတင်ပြီး တည်ဆောက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေ စက်ရုံအလုပ်ရုံတွေ သင်တန်းကျောင်းတွေ ဂေဟာတွေကို ပိတ်ရက်မှာမနားဘဲ ဆောင်ရွက်ပေးနေပါတယ် ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေ က ပြောသည်။
ပန်းခင်းစီမံချက်ဖြင့် အမှတ်(၉၃၇)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းတွင် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ(၁)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်(၂)ကတ်၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်(၄၃)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၆)ကတ်နှင့် အိမ်ထောင်စု(၁၀)စောင်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် ဆောင်ရွက်ပေးရာတွင် ပြည်သူလူထုများအား လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိ၍ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ တခြားဒေသမှ အိမ်ထောင်စုစာရင်းရှိ၍ လက်ရှိဒေသတွင် လာရောက်နေထိုင်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ တခြားဒေသတွင်နေထိုင်စဉ်နှင့် လက်ရှိဒေသတွင်နေထိုင်ရာ၌ အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် မြိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပြည်သူလူထုများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၃)ရက်မှ ဇွန်လ(၂၇)ရက်အထိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူလူထုအမျိုးသား (၅၄၀၂)ဦးနှင့် အမျိုး သမီး(၅၁၈၇)ဦး စုစုပေါင်း(၁၀၅၈၉)ဦးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိတ်မြို့နယ် ဦးစီးမှူးရုံးက သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


