မတ္တရာ  ၂၈  ဇွန်    

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ဇွန်လ ၂၈ ရက်တွင် စကျင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးကျော်နိုင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး  အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသည့် အိမ်ထောင်စုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသော ပြည်သူများအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်မှ ယနေ့အထိ ရပ်ကွက်/ ကျေးရွာ အုပ်စု ၁၄ အုပ်စုသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသော ကျေးရွာအုပ်စု များသို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကွင်းဆင်းပြီး ကျေးရွာများမှ  နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန်ကျန်ရှိသော သူများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)