ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ COVID - 19 ကုသရေးစင်တာဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
စင်တာဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ကိုဗစ် ရောဂါပိုးကူးစက်ခံ ရသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ပြည်သူ့ဆေးရုံကြီးများတွင် ကုသပေး နေသော်လည်း ယခင်နှစ်ရန်ကုန်တွင်ထိတွေ့ကူးစက်မှုနှုန်းအရ ဆေးရုံခုတင်များ လုံလောက်မှုမရှိသည့်အတွက် အစိုးရ၊ တပ်မတော်၊ စေတနာရှင်အလှူရှင်များနှင့် ပရဟိတအဖွဲ့များအစီအစဥ်ဖြင့် COVID - 19 ကုသရေး စင်တာများ ထပ်မံဖွင့်လှစ်ကုသပေးခဲ့ကြောင်း၊ ယနေ့ဖွင့်လှစ်သော စင်တာ၏ နေရာ ထိုင်ခင်း၊ ခုတင်မွေ့ယာ၊ အသုံးအဆောင်များကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်းကောင်း၊ စားသောက်ရေး၊ ပရဟိတအဖွဲ့များ ကူညီပံ့ပိုးရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကိုတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ က လည်းကောင်း ဆေးရုံအုပ်ချုပ်ရေးနှင့် ရောဂါကုသရေးကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆရာဝန်များက ပူးပေါင်းဆောင်ရွက်ရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း ပြောကြားသည်။
ယနေ့အခြေအနေမှာ တိုင်းဒေသကြီးအတွင်း COVID - 19 ထိတွေ့ကူးစက်ခံရသူ ၈၆၈ ဦးကိုဆေးရုံနှင့်စင်တာအသီးသီးတွင် လက်ခံကုသပေးလျက်ရှိပြီး မြန်မာကွန်ဗင်းရှင်းစင်တာရှိ COVID - 19 ကုသရေးစင်တာတွင်လူနာ ၁၄ ဦးလက်ခံထားရှိပြီးစုစုပေါင်း လူနာ ၂၅၀ လက်ခံကုသပေးနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် COVID – 19 ကူးစက်ခံရသူများအတွက်ဆေးရုံနှင့် ကုသရေးစင်တာ ၁၅ နေရာတွင်ပိုးတွေ့လူနာ ၂၇၀၀ ဦးကိုလက်ခံကုသပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိပြီးခရိုင်၄ ခရိုင် တွင် Community – Based Facility Quarantine Center နေရာပေါင်း ၆၀ တွင် လူဦးရေ ၃၆၀၀ ထားရှိနိုင်ရန် စီစဥ်ထားပြီးဖြစ် ကြောင်းနှင့်ရန်ကုန်တိုင်းစစ်ဌာန ချုပ်၏ အစီအစဥ်ဖြင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် Covid - 19 ကူးစက်ခံရသူလူနာ ၁၈၀၀ ထားရှိနိုင်ရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)


