ဘားအံ   ဇွန်  ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးသောတောင်သူများအား အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက် ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဘားကပ်ကျေးရွာရှိ ဘားကပ်နည်းပညာ ပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေက  (Contract Farming) လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများ အကျိုးတူပူးပေါင်းခြင်းဖြစ်၍ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် လုပ်ငန်းဖြစ်ပါကြောင်း နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးဆဲင်ဇခုပ်က (Contract Farming)လုပ်ငန်းသည် စိုက်ပျိုးရေးစရိတ်အတွက် တပိုင်တစ်နိုင်အဖြစ် အထောက်အကူ ဖြစ်စေခြင်း၊ ထွက်ရှိလာသောစပါးများကိုလည်းအလွယ်တကူ ရောင်းချနိုင်ခြင်း၊ တောင်သူမှ စိုက် ဧက တိုးချဲ့စိုက်ပျိုးနိုင်သဖြင့် ဝင်ငွေတိုးလားခြင်း၊ မျိုးကောင်းမျိုးသန့် ပိုမိုသုံးစွဲလာနိုင်ခြင်း၊ သီးနှံ အာမခံစနစ်ဖြင့် ချိတ်ဆက်ထားသောကြောင့် သဘာဝဘေး အန္တရာယ်ပျက်စီး ဆုံးရှုံးမှုများကို သက်ဆိုင်ရာ အာမခံပေါ်လစီအတိုင်း အကာအကွယ် ရရှိနိုင်သည့် အခွင့်အရေးများကို တောင်သူများမှ ရရှိမည်ဖြစ်၍ အကျိုးကျေးဇူးများစွာ ရရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်မျိုးစေ့ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိုးသိန်းက (Contract Farming) လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  ခိုင်မေတ္တာဆန်စက်လုပ်ငန်းရှင် ဦးအောင်နိုင်ဝင်းက နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်မှုကြောင့် စပါးအရည်အသွေး ကောင်းမွန်သည့်အတွက် ဈေးကွက်တွင် ဈေးကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တာဝန်ရှိသူများက စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀ဝ)နှုန်းဖြင့် စပါးစိုက်ခင် (၁၀၇)ဧက အတွက် အတိုးမဲ့ စိုက်ပျိုးစရိတ်ချေးငွေ  ငွေကျပ် (၁၆၀၅၀၀၀ဝ) ကို တောင်သူများထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၁ ခုနှစ် မိုးရာသီ ကန်ထရိုက်လယ်ယာစနစ်(Contract Farming) ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ဘားကပ်ကျေးရွာ အုပ်စု၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ရသေ့ပျံကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာအုပ်စု၊ တောင်သူကုန်း ကျေးရွာအုပ်စု၊ ကော့သင်း ကျေးရွာအုပ်စု၊ ကော့လမု ကျေးရွာအုပ်စုများမှ တောင်သူ (၆၀) တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)