နေပြည်တော်   ဇွန်  ၂၈

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက လက်ရှိကာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၉၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၁၅၈၉ ဒသမ ၁၃ မဂ္ဂါဝပ်ခန့်ကို သုံးစွဲလျက်ရှိသည့်အတွက် တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါးသုံးစွဲလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အဓိကကျကြောင်း၊ သို့ဖြစ်ပါ၍ ဖြန့်ဖြူးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကိုလည်း စိတ်ချယုံကြည်ရသော အရည်အသွေးပြည့်ဝပြီး ဗို့အားတည်ငြိမ်သော လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက်  ဆောင်ရွက်ရာတွင် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဟန်ချက်ညီညီ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

 ထို့ပြင် ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိုးရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဓာတ်အားလိုင်းများတစ်လျှောက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် လိုအပ်သောနေရာများတွင် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း အမြန်ကောက်ခံရရှိနိုင်ရန် မြို့နယ်/ခရိုင် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေး တာဝန်ခံများမှ အနီးကပ်ကြပ်မတ်၍ ကြွေးကျန်မရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာ ဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း၊ ဓာတ်အားခများ ကြွေးကျန်မရှိစေရေး ကိစ္စရပ်များကိုလည်း  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။  

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ် ကမ်းနားလမ်းရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ပစ္စည်းစီမံရေးဌာနများသို့ရောက်ရှိပြီး ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn