တောင်တွင်းကြီး ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ သန်းစီဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းအဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်ကျေးရွာ ၂၀  မှာ ခင်တဲ၊ ကျောင်းကုန်း၊ ပေါက်ကုန်း၊ ဂုံပင်၊ ရေပြား၊ ရွာသာ၊ ကသာ၊ ညောင်ပင်သာ၊ နတ်ရွာ၊ သာယာစု၊ ရွာတော်(မြောက်)၊ ရွာတော်(တောင်)၊ ရေပြည့်၊ စမုံရွာသစ်၊ ကံဦး၊ ဂွေးတောက်ကုန်း၊ သရက်စု၊ မင်းဝင်း၊ လမိုင်း၊ လယ်ပြင်သာ ကျေးရွာများဖြစ်ပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၆ခု၊ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း ၄ခုတို့ကို ၂၀၂၀- ၂၀၂၁ခုဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၀၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၅ သန်း၊ စုစုပေါင်းရန်ပုံငွေကျပ် ၂၄၄ ဒသမ ၅ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာပြည်သူ လူထုကိုယ်တိုင် ယခုနှစ်မတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDPကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာနှစ်အတွင်းက Pilot Projectအဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ခုဘဏ္ဍာနှစ်အထိကျေးရွာပေါင်း ၆၀ တွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဥ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်းအစရှိသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုစီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၀သန်း၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေများဖြင့်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောပြ၍သိရသည်။

ငြိမ်းသူ