ဘားအံ ဇွန် ၂၉
ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ယူနိုင်မှု အခွင့်အလမ်းများရရှိလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေပြီး တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မားလာ စေရန်အတွက် ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ကာလတိုသင်တန်း အပတ်စဉ်(၁/၂၀၂၁)၊ အခြေခံကွန်ပျူတာသင်တန်းနှင့် သံဂဟေဆက်ခြင်းအတတ်ပညာ သင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး သင်တန်းခန်းမအတွင်း သင်ထောက်ကူပြုပစ္စည်းများ အသုံးပြု၍ သင်ခန်းစာများ လေ့လာသင်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြ သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အခြေခံကွန်ပျူတာသင်တန်း၌ (၂၃)ဦး၊ သံဂဟေဆက်ခြင်းအတတ်ပညာသင် တန်း၌ (၁၂)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်တက်ရောက်သူများကိုသာ Certificate(သင်တန်းဆင်းအောင်လက်မှတ်) ချီးမြှင့်ပေးသွားမည်ဖြစ် ကာ ယခုသင်တန်းများအပြင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဘက်စုံသုံးဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း၊ အမျိုးသား/အမျိုးသမီးဆံပင်ညှပ်သင်တန်းနှင့် အခြေခံစက်ချုပ် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


