နတ်မောက် ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ ကျွဲ၊ နွားစာများအနက် မိုးနှမ်း (၂၁၃၀.၂၅) ဧက အတွက် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် (၁၁) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးလို၊ မိုးခေါင်မှုကြောင့် ပျက်စီးသွားသော မိုးနှမ်းများအတွက် တစ်ဧကလျှင် (၅၀၀ဝ) နှုန်းဖြင့် ငွေကျပ် (၁၀၆၅၁၂၅ဝ) ကို ကျေးရွာအုပ်စု (၅) အုပ်စုရှိ တောင်သူများ၏ သီးနှံပျက်စီးမှုဧကအလိုက် ထောက်ပံ့ငွေများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များက ကျေးရွာတောင်သူများ လက်ဝယ်အရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်(နတ်မောက်)


