ကျောက်ဆည်   ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည့်အဝေးခန်းမတွင် ဇွန်(၂၉)ရက် နံနက်(၉)နာရီက သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ထိန်းသိမ်းတတ်စေရန်၊ စားသုံးသူများ အဆိပ်အတောက်ကင်းရှင်းသော အစားအစာများရရှိစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ် တောင်သူများ ပိုးသတ်ဆေးအဆိပ်သင့်မှု ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ဟင်းသီးဟင်းရွက်ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် ဟင်းသီးဟင်းရွက်ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စိုက်ပျိုးနည်းစနစ်များကို သေချာလေ့လာ ဆွေးနွေးသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  နေပြည်တော်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ် (စိုက်ပညာ)ဦးစီးအရာရှိ ဦးဖုန်းမြင့်စံက စပျစ်စိုက်ပျိုးထုတ်လုပ်နည်းအကြောင်း၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုနှင့် ဒေါ်ခင်ခင်ကျော်တို့က ဟင်းသီးဟင်းရွက်နှင့် ငရုပ်စိုက်ပျိုးထုတ်လုပ်နည်းများအကြောင်း ရှင်းလင်းသင်ကြားဆွေးနွေးခဲ့ကြောင်း သိရှိရပြီး အဆိုပါသင်တန်းသို့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် တောင်သူ(၅၀) တက်ရောက်ခဲ့ကာ ကျောက်ဆည်မြို့နယ်တွင် (GAP) နည်းစနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ဧက (၂၂၀၀)ကျော် စိုပျိုးထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)