နေပြည်တော် ၂၉  ဇွန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစား ရုံ (C)ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ ချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ဘော်လီဘော (အမျိုးသား) ပထမဆုရ သစ်တောရေးရာ−B အသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆုဖလားနှင့် ငွေသားဆုငွေကျပ် (၃၀၀,၀၀၀) ကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ပထမဆုရ သစ်တောဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ဆုဖလားနှင့် ငွေသားဆု ငွေကျပ် (၃၀၀,၀၀၀)ကို လည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပထမဆုရ ပြည်ထောင်စု ဝန်ကြီးရုံး (သစ်တောရေးရာ) အသင်းကို အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်က ဆုဖလားနှင့် ငွေသားဆုငွေကျပ်(၃၀၀,၀၀၀) ကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ဒုတိယဆု ငွေသားဆုငွေကျပ် (၂၀၀,၀၀၀)၊ တတိယဆု ငွေသားဆုငွေကျပ် (၁၀၀,၀၀၀)နှင့် နှစ်သိမ့်ဆုများကို ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်