ဖောင်းပြင် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းလမ်း ပေါင်းစုံဖြင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ မောက်စဖာကျေးရွာနှင့် မော်လိုက်ကုန်းကျေးရွာတို့တွင် လေးလက်မစက်ရေတွင်းများ တူးဖော်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန် ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် Three Light Rainbow ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မောက်စဖာကျေးရွာတွင် လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ (၁၀' x ၈' x ၈') ရေစက်ရုံ တည်ဆောက်ခြင်း၊ ရေဂါလန် (၂၄၀၀)ဆံ့ ကွန်ကရစ်စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၆၂၉ ဦးအတွက် သောက်သုံးရေဖူလုံစွာ ရရှိမည်ဖြစ်ပါကြောင်း၊ အလားတူ မော်လိုက်ကုန်းကျေးရွာ၌ လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေ အနေများကိုလည်း မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


