ဖားကန့် ဇွန် ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို ဇွန် ၂၉ ရက်နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပို့ချသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်က အမှာစကား ပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ကျေးရွာများ၌ ရပ်ရွာ၏အကျိုးကို ဆောင်ရွက်ရသည့် ခေါင်းဆောင်များ ဖြစ်ကြသည့်အတွက် ခေါင်းဆောင်မှုတွင် ရှိရမည့်အရည်အချင်းများနှင့် သိသင့်သိထိုက်သည်များကို နားလည်စေလိုသည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း၊ အစိမ်းရောင်ကျေးလက် ဖွံ့ဖြိုးရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သောကျေးရွာများ ပေါ်ထွက်လာစေရန်၊ ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးမည့် နည်းစနစ်များကို သေချာကြိုးစာ၍ မှတ်သားကြရန်နှင့် ကျေးရွာတွင် အမှန်တကယ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းကို COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ အလားတူ ဖားကန့်မြို့နယ်ရှိ ထွယ်ဆန်ယန်ကျေးရွာ၌လည်း ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းသို့ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


