ဖျာပုံ ၃၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိူးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ကျေးရွာသူကျေးရွာသား များအနေဖြင့် ဆောင်ရွက်ပြီးလုပ်ငန်းများကို တန်ဖိုးထားကာ အကျိုးရှိရှိအသုံးပြုသွားကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းလွှဲပြောင်းအပ်နှံလွှာများအား သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များထံသို့ တာဝန်ရှိသူအသီးသီးက လွှဲပြောင်းပေးအပ်ကြသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅)ရွာ၌ စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၃)ခု၊ တွင်းနက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း(၁၅)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုးမိုးကျော်


