နေပြည်တော် ၃၀ ဇွန်
နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေး အဖွဲ့ Nationwide Case Management Supervision Unit (NCMSU)နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်း အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လက်ရှိတွင် ပြည်သူလူထု အကြား ဝန်ဆောင်မှုပေးရန်အတွက် စနစ်တကျ လေ့ကျင့်ထားသော လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ စီမံခန့်ခွဲလျက်ရှိပါကြောင်း။
လူမှုရေးရာဖြစ်ရပ်စီမံ ခန့်ခွဲသူ (၂၅၉)ဦး အထိ လေ့ကျင့် မွေးထုတ်ပေးနိုင်သော်လည်း လက်ရှိတွင် ဖြစ်ရပ်များကို လက်တွေ့ ကွင်းဆင်းဆောင်ရွက်နေသည့် Case Manager (၁၂၃)ဦးသာ ရှိသည့်အတွက် မြန်မာနိုင်ငံလူဦးရေ၏ ၄၀၆၅၀ တွင် တစ်ဦးကျအချိုးသာရှိသဖြင့် Case Manager များ ထပ်မံမွေးထုတ်ရန်နှင့် တစ်ဦးချင်း စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်ပါ ကြောင်း၊ ယင်းတို့ကို့ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်အနေဖြင့်လည်း လူမှုရေးပညာ တက္ကသိုလ်တည်ထောင်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အခက်အခဲနှင့် လက်ရှိဆောင်ရွက် နေမှုအပေါ်တွင် ပိုမိုတိုးတက် စေရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြစေလိုကြောင်း ။
မည်သည့်အခြေအနေ မျိုးတွင်မဆို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်း များသည် ရပ်တံ့၍ မရပါကြောင်း၊ မိမိတို့ အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော စနစ်တစ်ခုအဖြစ် ဆောင်ရွက်နိုင်မှသာ အချက် အလက်များ တစုတစည်းတည်း ရရှိပြီး ဖြစ်ရပ်များအလိုက် Case Study များ၊ သုတေသန များ၊ Case များအလိုက် မူဝါဒ ပေါ်လစီများ ချမှတ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ လူမှုဘဝရပ်တည်မှု အတွက် လူမှုရေးပဋိပက္ခများ ၊ အိမ်ထောင်စုအလိုက် ကြုံတွေ့ရသော အခက်အခဲများအား သိရှိ၍ ကာကွယ်စောင့်ရှောက်ရေးသာမက ဖြစ်ရပ်အလိုက် စီမံခန့်ခွဲနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင်တို့က တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် လုပ်ငန်း ဆောင်ရွက်မှုများ၊ သင်တန်းများ ဆောင်ရွက်သွားမည်အခြေအနေ၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လက်ရှိ အကောင် အထည် ဖော်ဆောင်ရွက်နေသော NCMSU ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်း အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ အစည်းအဝေး တက်ရောက် လာကြ သူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များသည် ဝန်ထမ်းမိသာစု အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှု့အားပေးကြပြီး ဆုရရှိသည့် အသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
(သတင်းစဉ်)


