mdn

နေပြည်တော် ဇွန် ၃၀

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၇ ရှိ လစ်လပ်ရာထူး ၄၇၂ နေရာ အတွက် ရေးဖြေစာမေးပွဲကို ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ ဒေသဖြတ်ကျော် သွားလာမှု အကန့်အသတ်များ ရှိနေသည့်အတွက် ကြေညာထားသည့် ရက်များတွင် ရေးဖြေ စာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရှိ ရသည်။

လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ ကျင်းပနိုင်မည့် အခြေအနေ အပေါ် မူတည်၍ ပြောင်းလဲကျင်းပမည့် နေ့ရက်တို့ကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့ အသံနှင့် မြဝတီရုပ်သံသတင်းများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website နှင့် Facebook Page ၊ Myanmar National Web Portal တို့မှတစ်ဆင့် အချိန်မီ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ လစ်လပ် ရာထူး ၄၇၂ နေရာအတွက် ရေးဖြေစာမေးပွဲကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းကို ဧပြီ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ဧပြီ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းတို့မှတစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။ 

(သတင်းစဉ်)