နွားထိုးကြီး ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ် ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိကို မြို့နယ်ကိုဗစ်ကော်မတီညွှန်ကြားမှုကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ We Love Natogyi ပရဟိတ အဖွဲ့တို့ ပူးပေါင်းပြီး အခမဲ့စစ်ဆေးပေးနေကြောင်း မြို့နယ်ကျန်းမားရေးဦးစီးဌာနက သိရသည်။
နွားထိုးကြီးမှာ ဇွန်လ ၂၀ ရက်က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိလာရက ယနေ့အထိ ကိုဗစ်-၁၉ လူနာ ၂၆ ဦးရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှုး ဒေါက်တာ အောင်ကျော်ဦးက ပြောသည်။
ပိုးတွေ့လူနာအများစုသည် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်ရာက ရောဂါပိုးတွေ့ရှိတာဖြစ်ပြီး အချို့ လူနာ များမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသား သူများလည်း ပါဝင်နေကြောင်းနှင့် ယနေ့ထိ ကိုဗစ်-၁၉ လူနာ ၂၆ ယောက်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဘိုးဘွားရိပ်သာမှာ ကွာရန်တင်းဝင်နေသူ ၁၉ ဦးရှိ ကြောင်း သိရသည်။
ရောဂါပြန့်ပွားမှု တားဆီးနိုင်ရေး သုခချမ်းသာအသင်းက မြို့ပေါ် ရပ်ကွက်များမှာ ကာကွယ်ဆေးဖျန်း လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှု အသင်းမှ သိရသည်။
ဒီနေ့ ဇူလိုင် ၁ ရက်နေ့ကစပြီး မြို့ပေါ် ၈ ရပ်ကွက်မှာ တစ်နေ့ တစ်ရပ်ကွက်နှုန်း အလှည့်ကျ စုရပ်များနဲ့ ရပ်ကွက်သူ ရပ်ကွက်သားများအား ကိုဗစ်- ၁၉ ရောဂါပိုး အခမဲ့ စစ်ဆေးပေးသွားမှာဖြစ်ပြီး ဖျားနာနေသူများ မဖြစ်မနေ စစ်ဆေးဖို့ လိုတယ်လို့ We Love Natogyi အဖွဲ့က နှိုးဆော်ထားသည်။
ခင်ဇာမွန်မြင့်


