ကျောက်ဆည် ၁ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး  ရန်ကုန်-မန္တလေးကားလမ်း ထနောင်ပင်လှကျေးရွာ၊ ကေသီဦး စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာ်မတီမှ ကျောက်ဆည်မြို့အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝင်ရောက်လာသည့်  ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွာရာဇဝင်များမေးမြန်းခြင်း၊ ကိုယ်ရေး အချက်အလက်မှတ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ခရီးသွားပြည်သူ တစ်ဦးဦးတွင် အပူချိန်မြင့်တက်ခြင်း၊ ကိုဗစ်-၁၉ရောဂါသံသယလက္ခဏာများ တွေ့ရှိခဲ့ပါက လက်ချောင်း ထိပ်တွင် သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပြီး  သွေးအတွင်း အောက်ဆီဂျင် (၉၂)ရာခိုင်နှုန်းအောက် တွေ့ရှိပါ က ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး Test kitစနစ်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)