လောင်းလုံး ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအပ်ချုပ်စက်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ လောင်းလုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက် တို့က အဖွင့်အမှာစကားများ ပြောကြားပြီး ထားဝယ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် လောင်းလုံမြို့နယ် ဦးစီးမှူး ဦးမျိုးမင်းခိုင် တို့က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူ မိသားစုဝင်ငွေတိုးပွားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးအိမ်တွင်းမှု ဝင်ငွေတိုးလုပ်ငန်းဖြစ်သည့်အတွက် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိကာ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများတွင် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြစေလိုကြောင်း အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို အိမ်တွင်းမှု အမျိုးသမီး အပ်ချုပ်စက်ကိုင်တွယ်ထိန်းသိမ်းနည်းနှင့် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အဝတ်အထည်ချုပ်လုပ်နည်း အမျိုးမျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအပ်ချုပ်စက်အသုံးပြုနည်းသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ (၂)လကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံအပ်ချုပ်စက်နည်းပညာ စိတ်ဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး


