ရမည်းသင်း ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းဝါယာရိန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက် က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီး သင်တန်းဆရာ ဦးဇာလင်းအောင်မှ သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများဖြစ်သည့် Volt အား တွက်ချက်နည်း၊ Braker ခံနည်း/မိန်းခံနည်း၊ ဝါယာရိန်းရိုက်နည်း(ကြိုးတပ်ဆင်နည်း)၊ မီးခလုတ်တပ် ဆင်ခြင်း၊ Socket တပ်ဆင်ခြင်း၊ Mainboard တပ်ဆင်ခြင်း စသည့်သင်ခန်းစာများနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်မှ ၂၀ ရက်အထိ ရက် ၂၀ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင်(ကျေးလက်)


