mdn

နေပြည်တော် ဇူလိုင် ၁


ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Command Center ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးသည်။


အစည်းအဝေးတွင် COVID-19 ရောဂါပိုး တွေ့ရှိရမှုများပြားလာနေသည့် မြို့နယ်များတွင် လိုအပ်ချက်နှင့်အညီ Stay at home သတ်မှတ်နိုင်ရေး၊ အချို့မြို့နယ်များ Stay at home သတ်မှတ် ခြင်းမပြုသော်လည်း သတ်မှတ်ထားသောစည်းကမ်းလိုက်နာဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများ ဖြန့်ဝေထားမှုကို စနစ်တကျ အသုံးပြုရေးနှင့် လိုအပ်ချက်ရှိလာပါက ဖြည့်ဆည်း နိုင်ရေး ဝယ်ယူထားရှိရန်ကိစ္စ၊ ပြည်သူ့ဆေးရုံများတွင် လိုအပ်ချက်နှင့်အညီ လူနာများ အောက်စီဂျင် အသုံးပြုနိုင်ရေး အောက်စီဂျင်အိုးများ ထောက်ပံ့ထားရှိရန်၊ Liquid oxygen ရရှိနေသည့် ရန်ကုန်/ မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ပြင်းထန်လူနာများ ပိုမိုလက်ခံကုသရေး၊ Liquid oxygen အဆက်မပြတ်ရရှိရေး ကြိုတင်ညှိနှိုင်းကာ နှီးနွယ်ဌာနများ၏ အကူ အညီ ရယူရေး၊ Oxygen Plant တပ်ဆင်ထားရှိသည့်ဆေးရုံများတွင် စနစ်တကျ အောက်စီဂျင် ထုတ်လုပ်ဖြန့်ဝေခြင်း၊ အရေးပေါ် Oxygen Plant တပ်ဆင်သည့် ဆေးရုံများတွင် လုပ်ငန်း အမြန်ပြီးစီးရေး ဆောင်ရွက်ရန်၊ Rapid Antigen Test (RDT) များ အလုံအလောက် ဖြန့်ဝေထားရှိပြီးဖြစ်သဖြင့် သံသယလူနာများ စစ်ဆေး နိုင်ရေး စီစဉ်ဆောင်ရွက်ရန်။


 နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀ဝ၀) တွင် RT-PCR စက် တပ်ဆင်ပြီးစီးပြီဖြစ် သဖြင့် စစ်ဆေးမှုအမြန်စတင်နိုင်ရေး လိုအပ်မည့် reagent အမြန် စီစဉ်ရန်၊ ကုန်စည်ကူးသန်းရေးတွင် မထိခိုက်စေရန် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာန/အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကဆေးရုံ/ရောဂါရှာဖွေရေး  လုပ်ငန်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်အရ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်၊ ကုသရေးဌာန များ ကူညီဆောင်ရွက်ရန်၊ ဖြန့်ဝေပြီးသော Mask များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် Mask campaign များပြုလုပ်သွားရန်နှင့် ထပ်မံ ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ ယခုလ အတွင်းရရှိမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စနစ် တကျ ဦးစားပေးသတ်မှတ်ချက်များအတိုင်း ကူးစက်မှုများပြားနေသည့်နေရာ/ဒေသများရှိ ဦးတည် အုပ်စုများအား ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ကြိုတင်စီစဉ် ဆောင်ရွက်သွားရန်  ကိစ္စရပ်များကို ညှိနှိုင်းခဲ့ ကြသည်။


ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးများမှ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)