လဟယ် ၂ ဇူလိုင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ၏ အိမ်ရာလိုအပ်ချက်အား ဖြည့်ဆည်းပေးရန်နှင့် ကျေးရွာနေပြည်သူများမှ ကျေးလက် နမူနာစံပြအိမ်ရာအတိုင်း ကျန်းမာရေးနှင့်အညီ လေဝင်လေထွက်ကောင်းသည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန် ရည်ရွယ်၍ (၂၇’x၁၈’x၁၂’) အတိုင်းအတာရှိ ကျေးလက်နမူနာစံပြအိမ်ရာ ၂၃ လုံးကို တည်ဆောက်လျက်ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းထံမှ သိရသည်။
ကျေးလက်နမူနာစံပြ အိမ်ရာများကို ကျေးရွာတစ်ရွာလျှင် (၁) လုံး၊ ကြမ်းခင်း၊ ပျဉ်နံရံကာများဖြင့် တည်ဆောက်ပေးလျက်ရှိရာ အဆိုပါကျေးရွာများမှာ ဂမ်းညရွာသစ်၊ ဆပ္ပလော်နောက်ကုန်း၊ လောင်ဂီး၊ တွေးညို၊ ဆော်လော်နောက်အင်း၊ ခါးလယ် (၂)၊ ဂဟုန်း၊ ကုန်းလမ်း၊ နောက်ညူကျထောက်၊ စံတုံ၊ ယမ်းကြိမ်၊ ရွှေလောကျေးရွာတို့တွင် စံပြအိမ်ရာ ၁၂ လုံး တည်ဆောက်လျက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၉၅ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးပြီပါကြောင်း၊ အလားတူ မွန်ထွေ၊ စံပြ၊ ဝုထ၊ ခါးလယ်၊ ဝမ်တုံနောက်ကုန်း၊ ဝမ်တုံနောက်အင်း၊ ဆပ္ပလော်ရှောင်၊ ပုံညိုနောက်အင်း၊ မကော်ရိန်၊ အဟန်းကူကူး၊ ညှင်ရှောင် ကျေးရွာတို့တွင် စံပြအိမ်ရာ ၁၁ လုံး တည်ဆောက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
မွှေးကြူဇင်


