သုံးခွ ၂ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၁) ရပ်ကွက်၊ ကွက်သစ်ကန် လမ်းဆုံတွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ပြည်သူများ လမ်းကူးသွားလာရာတွင် လွယ်ကူအဆင်ပြေစေရန် Box Culvert လမ်းကူး ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ရန် စက်ယန္တရားဖြင့် မြေတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
ယင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး အနော်ရထာ လမ်းမကြီးနှင့် ကွက်သစ်ကန်လမ်းဆုံ၌ အလျား ၂၂ ပေ၊ အနံ ၄ ပေ၊ အမြင့် ၄ ပေရှိ BoxCulvert တစ်စင်း တည်ဆောက်နေခြင်းဖြစ်ပြီး စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ရက် ပြီးစီးစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ရေစီးရေလာ ကောင်းမွန် အဆင်ပြေပြီး ယခင်ကထက် သန့်ရှင်းသာယာ လှပလာမည်ဖြစ်သည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြို့ပေါ်ရပ်ကွက်များ၌ BoxCulvert ၁၅ စင်း တည်ဆောက်မည် ဖြစ်ရာ ၁၃ စင်း တည်ဆောက်ပြီးစီးခဲ့ပြီး ယခုတစ်စင်းတည်ဆောက်ခြင်းသည် ၁၄ စင်းမြောက် တည်ဆောက်ခြင်းဖြစ်ကာ ကျန်တစ်စင်းအား ဆက်လက်တည်ဆောက်ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်း BoxCulvert တံတားများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သက်မှတ်ရက်ပြီးစီးစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှ ထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်


