ကျောက်ဆည် ဇူလှိုင်  ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နှင့် တံတားလည်ရပ်ကွက်ကြား၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအနီးတွင် ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့သော ဇော်ဂျီရေထိန်းဆည်အား  ပြည်သူများအတွက် သောက်သုံးရေ ဖူလုံစွာ ပေးနိုင်ရေး ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ဘက်စုံ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

လုပ်ငန်းများ ပြန်လည်ပြုပြင်ရာတွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် ၁၄ သန်းဖြင့် ဟိုက်ဒရောလစ် ရေတံခါးများအား ပြန်လည်ပြုပြင်ခြင်း၊ မြစ်ရေလျှံမှုကြောင့် ရေတိုက်စားသွားသည့် ရေထိန်းဆည် အောက်ဘက် ယာဘက်ခြမ်း မြစ်ပေါင်အား အရှည် ၈၆ ပေ၊ အမြင့် လေးပေ၊ အကျယ် ( ၁၀ ပေ၊ ဂျင်းကျောက်မြေဖို့ခြင်း၊ ရေထိန်းဆည် ဝဲဘက်ခြမ်းတွင် အရှည် ၆၁ ပေ၊ အမြင့် သုံးပေ၊ အကျယ် ၁၀ ပေ၊ ဂျင်းကျောက်မြေ ဖို့ခြင်းနှင့် အရှည် ၇၂ ပေ၊ အမြင့် လေးပေ၊ ထု ကိုးလက်မရှိ ဝဲဘက်ခြမ်း မြစ်ကြမ်းပြင် ကွန်ကရစ်လောင်းခြင်းနှင့် အုတ်စီခြင်း၊ ဆိုင်ဘုတ်အသစ် ရေးသားခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၄၀ ခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ဇော်ဂျီရေထိန်းဆည်သည် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအတွက် သောက်သုံးရေ ဖူလုံစွာပေးနေသည့် ရေသန့်စက်ရုံအတွက် ဆောက်လုပ်ထားသည့် အဓိကကျသည့် ရေထိန်းဆည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)