ရန်ကုန်  ဇူလိုင် ၄           

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄) နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်၊ (၂) လမ်းတွင် အမျိုးသမီးတစ်ဦး ဆေးရုံ ရက်ချိန်းပြရန်နှင့် တောင်သူကုန်းရပ်ကွက်၊ မဂ္ဂင်ကျောင်းလမ်းတွင် သီလရှင်တစ်ပါး အမောဖောက်သဖြင့် ဆေးရုံပို့ပေးရန်  အကူအညီတောင်းခံလာသဖြင့် ဇူလိုင် ၃ ရက်က ကြက်ခြေနီအသင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကား (၂) စီးဖြင့် အချိန်နှင့်တစ်ပြေးညီ အဆိုပါ ဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး သက်ဆိုင်ရာဆေးရုံသို့  အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄) နာရီ လူနာတင်ယာဉ်ကား (၂) စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ် (၂၁) ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)