ဖယ်ခုံ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအတွင်း ပျက်စီးသွားသော နေအိမ်ပိုင်ရှင်များအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင် (၃) ရက် နံနက် (၉) နာရီခွဲက မိုးဗြဲကျေးရွာအတွင်းရှိ ဘက်စုံသုံး အားကစားခန်းမ၌ အခြေခံအိမ်ဆောက်ပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပျက်စီးနေအိမ်များအား စာရင်းကောက်ယူပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ တွက်ချက်တင်ပြ၍ အဆင့်ဆင့် တင်ပြခဲ့ပါကြောင်း၊ ပျက်စီးပမာဏပေါ် မူတည်ပြီး ထောက်ပံပေးအပ်ရခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရေး အသိသတိရှိစွာဖြင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ဖယ်ခုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ထောက်ပံရေးကိစ္စနှင့်ပတ်သက်၍ စာရင်းဇယားများအား စနစ်တကျ အချိန်မီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပျက်စီးပမာဏအပေါ် မူတည်ပြီး တည်ဆောက်ရေး အထောက်အပံ့ဖြစ်စေရန် တတ်နိုင်သည့် ပစ္စည်းများအား ထောက်ပံပေးအပ်ရခြင်း ဖြစ်ကြောင်း၊ အပြည့်အဝ မပေးနိုင်သော်လည်း အထောက်အပံ့ဖြစ်စေရန် ရည်ရွယ် ပေးအပ်ရခြင်းဖြစ်ကြောင်း၊ လျော်ကြေးအဖြစ် ပေးခြင်းမဟုတ်ဘဲ ယခုဖြစ်စဉ်အား နမူနာယူ၍ ထပ်မံမဖြစ်ပွားစေရေး ဝိုင်းဝန်းထိန်းသိမ်း ပေးစေလိုကြောင်း၊ ပျက်စီးမှုအတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ ဆုံးရှုံးမှုကြီးမားခဲ့သည်ကိုလည်း သိရှိရပြီး ထောက်ပံရေးပစ္စည်းများ ရရှိရေးအတွက် အခြားသော ဝန်ကြီးဌာန အဖွဲ့အစည်းများထံသို့ အကူအညီ တောင်းခံထားပါကြောင်း၊ ရရှိပါက ထပ်မံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး မိမိအနေဖြင့် မိုးဗြဲဒေသ ဖွံဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးစားပေးမည်ဖြစ်ရာ တက်ရောက်လာသူများမှ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ စာသင်ကျောင်း၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးတည်ငြိမ် အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မိမိဒေသရှိ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး၊ ကလေးများ ပညာသင်ကြားခွင့်ရရှိရေး၊ Covid–19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံပေးအပ်သော အခြေခံ အိမ်ဆောက်ပစ္စည်းများကို တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေတို့မှ ထောက်ပံ့ပေးအပ်ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ အသီးသီးလက်ခံရယူကြသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွင် အကြီးစားပျက်စီးသော အိမ်ခြေ (၂၀) လုံး၊ အသေးစား ပျက်စီးအိမ်ခြေ (၂၈) လုံး စုစုပေါင်း (၄၈) လုံးအတွက် အုတ် (၁၃၂၃၅၀)လုံး၊ ဘိလပ်မြေ (၂၄၁၅) အိတ်၊ သွပ် (၃၃၆၀) ချပ် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၉၂၅၄၂၀၀၀ အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)


