ကန်ပက်လက် ဇူလိုင်

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် အောက်ကန့်ကျေးရွာအုပ်စု၊ ရှိနော်ကျင်းကျေးရွာ၌ ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို မတ်လ ပထမပတ်ကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

အဆိုပါ ရှိနော်ကျင်းကျေးရွာ ကြိုးတံတား အရှည် ၄၁၅ ပေ၊ အကျယ် ဒသမ ပေ၊ အမြင့် ၃၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀) ကျေးလက်နေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများသည် တောင်ပေါ်ဒေသဖြစ်တာကြောင့် မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲ့ကြောင်း၊ အဆိုပါကြိုးတံတားသည် ရှိနော်ကျင်းကျေးရွာနှင့် အောက်ကန့်ကျေးရွာတို့ ဆက်သွယ်သွားလာသော လမ်းဖြစ်ပြီး အဲဒီကျေးရွာများရှိ အိမ်ခြေ (၈၀)အိမ်၊ လူဦးရေ (၅၁၂) ဦးနှင့် အနီးတစ်ဝိုက်ရှိကျေးရွာတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်က ပြောပြ၍ သိရသည်။

 

စိုးမိုးကျော်