ပွင့်ဖြူ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် အနောက်အင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များ၊ အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် လက်ထောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းတို့ကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို မေ ၄ ရက်က စတင်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရကာ ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက် ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဇော်တင့်က ပြောသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


