ရန်ကုန် ဇူလိုင် ၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပြည်လမ်းပေါ်ရှိ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီးနှင့် မှော်ဘီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ပြည်လမ်းမြောင်း ရေစီးရေလာအခြေအနေနှင့် မှော်ဘီပန်းခြံအတွင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း မြေဖို့ပိုက်လိုင်း သွယ်တန်းမည့်နေရာများကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားသည်။
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်းအတွင်း အင်ဂျင်နီယာဌာန(ရေပေးဝေရေးနှင့် သန့်ရှင်းမှု)မှ တာဝန်ယူဆောင်ရွက် နေသော လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်း ရေတွန်းစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင် ကိုလည်းကောင်း၊ မြေသားအကြိုအနည်ထိုင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောက်မည့် မြေနေ ရာတွင် ဘိုးပိုင်လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမှတ်(၄) လမ်းဆုံအနီး ဖူးကြီး-လှော်ကား လက်မ ၆၀ သံကူကွန်ကရိ ရေပို့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် 1600 mm HDPE ရေပို့ပိုက်လိုင်း သွယ်တန်းရန် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှော်ကားသဘာဝဥယျာဉ်အတွင်း ဇုက္ကနုတ်ကန်မှ လှော်ကားသို့ ရေမြောင်းအရှည် ပေ၅၆၀၀ဖြင့် ရေအားဖြည့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရွှေပြည်သာမြို့နယ် (၂၁)ရပ်ကွက်၊ လှော်ကားလမ်းမကြီးကို ဖြတ်သန်းသွားသည့် သိမ်ချောင်း အတွင်း ၂၁ တန် Amphibious Excavator ဖြင့် အမှိုက်နှင့် နုံးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်သည် သာဓုကန်စက်မှုဇုန် စီမံခန့်ခွဲရေးရုံးသို့ သွားရောက်၍ ရေစီးရေလာစီမံခန့်ခွဲမှုဌာန၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စက်မှုဇုန်ကော်မတီတို့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး စက်မှုဇုန်အတွင်း ရေစီးရေလာကောင်းမွန် စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


