ချောင်းဆုံ ဇူလိုင်  ၅

ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိစေရန်အတွက် အခြေခံအိတ်ချုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေး/လက်ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါ်နွယ်နွယ်ဝါက ပြည်တွင်းရိုးရာအထည်များကို ခေတ်မီသောဒီဇိုင်းများဖြင့် အမျိုးသမီး အသုံးအဆောင်အိတ်များ ဖန်တီးနိုင်ရန်၊ အိတ်ချုပ်နည်းအတတ်ပညာဖြင့် ဝင်ငွေရရှိပြီး ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းပို့ချရခြင်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၅) ဦးအား ဖိုင်အိတ်ချုပ်နည်း၊ ဘေးလွယ်အိတ်ချုပ်နည်း၊ ဘော့ပင်အိတ်ချုပ်နည်း၊ မိတ်ကပ်ထည့်သည့် အိတ်ချုပ်နည်း၊ ပိုက်ဆံအိတ်ချုပ်နည်း စုစုပေါင်း အိတ်ချုပ်နည်း Pattern (၈)မျိုးအား ဇွန် ၅ ရက်မှ ၂၄ ရက်နေ့ထိ (၁၉)ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)