တံတားဦး  ဇူလိုင်  

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တံတားဦးမြို့နယ် သက္ကယ်ကျင်းကျေးရွာရှိ ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောတွင် ကျေးရွာသုံးစိုက်ခင်း၌ ကျေးရွာထင်းလောင်စာရရှိရေးအတွက် ထင်းစိုက်ခင်းတွင် သစ်ပင်များ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

 

ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောသည် ဧက(၅၀) ရှိပြီး ကျောက်ကြေမြေနု၊ သဲဝန်းစနယ်မြေဖြစ်ရာ မူလတောအမျိုးအစားအနေဖြင့် အပူပိုင်းတောခြောက်တောဖြစ်ကြောင်း သဘာဝအလျောက် ပေါက်ရောက်သော အပင်များမှာ သန်း၊ ဒဟတ်၊ နဘဲနှင့် ရှားပင်များ ပေါက်ရောက်ကြောင်း မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထပ်မံစိုက်ပျိုးသည့် ပျိုးပင်များမှာ ယူကလစ်ပင် (၈၁၀၀)  ရှားပင်(၈၉၁၀) အညာကုက္ကို (၈၉၁၀) မြင်ဝါးပင်(၁၀၈၀) စုစုပေါင်းဧက(၅၀)တွင် ပျိုးပင်ပေါင်း (၂၇၀၀၀)ကို စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးသည့် ပျိုးပင်များ ရှင်သန်ကြီးထွားလာပါက သက္ကယ်ကျင်း ကျေးရွာသုံးထင်းစိုက်ခင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ကျေးရွာသုံးစိုက်ခင်းစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ဖြစ်သော သစ်၊ တိုင်၊ မျော၊ ထင်း စသည့် သစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျေိာ်ဇင်ထွန်းထံမှ သိရသည်။

 

တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သင်ပန်း(အမြဲတမ်း) ပျိုးဥယျာဉ်တွင် ကျေးရွာသုံးစိုက်ခင်းဧက (၅၀)အတွက် ပျိုးပင်ပေါင်း(၃၃၇၅၀) တောင်တန်း စိုက်ခင်းဧက (၄၀)အတွက် ပျိုးပင်ပေါင်း(၂၀၁၅၀) တစ်အုပ်တစ်မ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းအတွက် ပျိုးပင်ပေါင်း(၆၆၀၀) ပျိုးပင်စုစုပေါင်း(၆၀၅၀၀)ကို ပြုစုပျိုးထောင်ထားကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး)

 

mdn