မိုင်းဆတ်   ဇူလိုင်   ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းက အမှာစကားပြောကြားသည်။ ပြိုင်ပွဲ ပထမနေ့အဖြစ် Dominion (က) အသင်းနှင့် Punako United အသင်း၊ မဟာယူနိုက်တက်အသင်းနှင့် Maw Shan အသင်း၊ Dominion (ခ) အသင်းနှင့် Auto Boss အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး Dominion (က) အသင်းမှ Punako United အသင်းအား (၆-၁)ဂိုးဖြင့် လည်းကောင်း၊ Maw Shan အသင်းမှ မဟာယူနိုက်တက်အသင်းအား (၆-၁)ဂိုးဖြင့် လည်းကောင်း၊  Dominion (ခ) အသင်းမှ Auto Boss အသင်းအား (၆-၅)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် ကလပ်အသင်း (၁၀)သင်းဖြင့် ဇူလိုင် ၁၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ 

မြင့်မောင်(မိုင်းဆတ်)