လဲချား ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ ဝမ်စန်ကျေးရွာတွင် ကျေးလက်နေပြည်သူများ အိမ်တိုင်ရာ ရောက်သောက်သုံးရေ ရရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ပြည်သူ - ကျေးလက် - ယူနီဆက်(UNICEF)တို့ ပူးပေါင်းကာ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်စန်ကျေးရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် ပြည်သူ - ကျေးလက် - ယူနီဆက် (UNICEF) အစီအစဉ်ဖြင့် အရှည် ၃ မိုင်ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ယူနီဆက်(UNICEF)မှ လိုအပ်သော ရေပိုက်များထောက်ပံ့ပေးခြင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက နည်းပညာအကူအညီရယူကာ ကျေးရွာသူကျေးရွာသားများ၏ လုပ်အားဖြင့် ယခုနှစ်ဇွန်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ ကျေးရွာရှိအိမ်ခြေ ၈၀ မှ လူဦးရေ ၅၁၉ ဦးတို့ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် အကျိုးပြုနေပြီဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းက ပြောသည်။
ငြိမ်းသူ







