နေပြည်တော် ဇူလိုင် ၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၁) သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်းများဖြစ်သည့် အလုပ်ချိန်စည်းကမ်း၊ တာဝန်ထမ်းဆောင်မှုနှင့် လုပ်ရည်ကိုင်ရည်စည်းကမ်း၊ ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းတို့ကို လိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကောလာဟလသတင်းများနှင့် သွေးထိုးစကားများကို မယုံဘဲ သတင်းမှန်၊ ဖြစ်ရပ်မှန်များအပေါ် မူတည်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် သင်ကြားချက်များအပေါ် အခြေခံပြီး ဘဝတစ်သက်တာ လေ့လာသင်ယူမှုများ ပြုလုပ်လျက် ဉာဏမိတ္တပြည့်စုံသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ နိုင်ငံတော်နှင့် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်ရသော အရာထမ်းများ ဖြစ်လာစေရေး ကြိုးစားသွားကြရန် မှာကြားလိုကြောင်း ပြောကြားပြီး လတ်တလော နိုင်ငံရေးအခြေအနေများ၊ ILO နှင့် ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်း (၃၀) ၊ လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်း (၁၅) ဦး စုစုပေါင်း (၄၅) ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


