နေပြည်တော် ဇူလိုင် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၄ ရက် နံနက် ၇ နာရီတွင် ပုသိမ်မြို့၊ ဆောက်လုပ်ရေးရိပ်သာ၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၁၅) မှ တာဝန်ယူတည်ဆောက်နေသော ပုသိမ်ပြည်သူ့ ဆေးရုံကြီး (၉) ထပ် တိုးချဲ့ ဆောင်တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပုသိမ် - ကံကလေး လမ်းပိုင်း၊ ကံကလေး - ရေကြည် - ဘက်ရဲ လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အလုံကျေးရွာအုပ်စုရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကြီးကြပ်ဆောင်ရွက်သော အရှည်ပေ (၁၅၀) ရွာသစ်ကြီး - ပေါက်တူးချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုနှင့် အချောသပ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပုသိမ် - မုံရွာ လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင်တိုင်အမှတ် (၁၀၀/၁)ရှိ လမ်းလုပ်ငန်းခွင်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သရက် - နတ်မီးတောက် - ကံမလမ်းပေါ်၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃) မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရှည် ပေ (၁၃၀၀) မင်းတုန်းချောင်းတံတား (ရေနံ့သာ) တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ် တံတားသစ် တည်ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃) မှ တာဝန်ယူတည်ဆောက်နေသော သရက် - မင်းလှ လမ်းပေါ်ရှိ အရှည် ပေ (၂၇၀) ဂွေးချို တံတား တည်ဆောက်နေမှု၊ အရှည် ပေ (၁၈၀) ထန်းကိုင်းတံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံး၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ယက်သဖွယ် ဖောက်လုပ်ထားသော လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လမ်းများအား အမျိုးအစားခွဲခြား၍ ဦးစားပေးအလိုက် ဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (မကွေး) ကြံ့ခိုင်မှု အခြေအနေ၊ နေပြည်တော် - တောင်ညို - မြို့သစ် - ကန်ပြား - မကွေးလမ်းတစ်လျှောက် လမ်း၊ တံတား ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ်ချက်များ မှာကြားကြောင်း သိရသည်။
သတင်းစဉ်


