နေပြည်တော် ဇူလိုင် ၅
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ရောဂါကာကွယ်ရေးပစ္စည်းများ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးနှင့် ပြည်တွင်း စျေးကွက်၌ စျေးကစားမှုများ ထိန်းချုပ်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု Third wave ကူးစက်မှုနှုန်းမြင့် တက်လာခြင်းနှင့်အတူ ရောဂါကာကွယ်ရေး ပစ္စည်းစျေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ စျေးကွက်အတွင်း စျေးကစားမှုများ မရှိစေရေး၊ တင်သွင်းမှု လွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် COVID-19 ရောဂါကာကွယ်ကုသရေး ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း အဓိက လိုအပ်လျက်ရှိသော Face Mask နှင့် အောက်စီဂျင်ဗူးများအား အမြန်ဆုံး တင်သွင်း ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အတွက် စိုးရိမ်ပူပန်မှု မရှိစေရေး ပြည်သူများသို့ အသိပေးသွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


