ကြို့ပင်ကောက်   ဇူလိုင်   ၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ တဖြည်းဖြည်း များပြားလာသဖြင့် ရောဂါကြိုတင်ကာကွယ်ရေးတွင် အဓိကအများဆုံးအသုံးပြုနေရသော နှာခေါင်းစည်းမှာ အခုရေ ၅၀ ပါ တစ်ဘူးလျှင် ငွေကျပ်သုံးထောင်အထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

 

နှာခေါင်းစည်း ရောင်းချနေသော ဆေးဆိုင်ဖွင့်ထားသူတစ်ဦးက ကုန်ပစ္စည်းများအတွက် ငွေပေးချေမှု လုပ်ငန်းများ ခက်ခဲခြင်း၊ မှာယူထားသောကုန်ပစ္စည်းများ အချိန်မီမရောက်ရှိခြင်း၊ ဝယ်လိုအားမြင့်တက် လာခြင်းတို့ကြောင့် နှာခေါင်းစည်းဈေးများမြင့်တက်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၆ ရက် နံနက်ပိုင်းအထိ နှာခေါင်းစည်း ၅၀ ပါ တစ်ဘူးကို သုံးထောင်ကျပ်ဖြစ်နေပြီး နောက်နေ့များမှာလည်း ထပ်မံဈေးတက်နိုင် ကြောင်း ပြောပြသည်။

နှာခေါင်းစည်းဈေးမြင့်တက်မှုနှင့်ပတ်သက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း ရောင်းချနေသောဆိုင်များအား ကွင်းဆင်းပြီး ပုံမှန်ဈေးထက် ဈေးတင်ရောင်းချခြင်းမပြုရန် အသိပညာပေးနှိုးဆော်ထားကြောင်း သိရသည်။

 

“ကျွန်တော်တို့မြို့မှာ အရင်တုန်းကတော့ မြို့နယ်နာရေးကူညီမှုအသင်းက တစ်ဘူး တစ်ထောင်ကျပ်နဲ့ ရောင်းချပေးတော့ ဝယ်သုံးရတာအဆင်ပြေတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။

 

ကြို့ပင်ကောက်မြို့တွင် ဇွန် ၂၆ ရက်မှစတင်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးတွေ့ရှိရာမှ ဇူလိုင် ၆ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ဦးရေ ၅၀ အထိရှိလာပြီး တွေ့ရှိမှုမြင့်တက်လျက်ရှိကာ သေဆုံးမှု တစ်ဦးရှိကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

mdn