ရန်ကုန် ဇူလိုင် ၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လက်ရှိဆောင်ရွက်လျက်ရှိသော အကျိုးပြုသုတေသန လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် နည်းပညာဆိုင်ရာဆင့်ပွား သင်တန်း ပေးနိုင်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခေတ်မီဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ နိုင်ငံခြားသွင်းကုန်ပို့ကုန်နှင့် စက်မှုလုပ်ငန်းသုံး ဓာတုဗေဒကုန်ကြမ်းပစ္စည်း များကို ရည်ညွှန်းဓာတ်ခွဲခန်း တစ်ခုအနေဖြင့် ခေတ်မီဓာတ်ခွဲစမ်းသပ်ပေးခြင်းများကို စစ်ဆေးဆောင်ရွက်ပြီး စဉ်ဆက်မပြတ်အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါကြောင်း။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံတော်အတွက်အရေးပါသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် ၎င်းနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ နည်းပညာလွှဲပြောင်း ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အစဉ်တစိုက် တိုးတက်ဖွံ့ဖြိုးဖော်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတုနည်းပညာ သုတေသနဗဟိုဌာနသို့ ရောက်ရှိပြီး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ လက်တွေ့ဓာတုဗေဒနည်းပညာ၊ နာနို နည်းပညာ၊ အစားအစာ နည်းပညာ၊ ဆေးဝါးအထောက်အကူပြုနည်းပညာနှင့် သဘာဝ စွန့်ပစ်အမျှင် ကွန်ပို့စစ် နည်းပညာစသည့် သုတေသနလုပ်ငန်းများအား ဆောင်ရွက်နေမှု၊ သုတေသနရလဒ်များကို လက်တွေ့အသုံးချစေရန်၊ နည်းပညာ တောင်းဆိုထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်အရည်အသွေး တိုးမြင့်လာစေရန်နှင့် ထုတ်ကုန် အမည်သစ် ထွက်ရှိလာစေရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်တိုးချဲ့နိုင်စေရန်တို့အတွက် နည်းပညာများ လွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေပေးခြင်း၊ နည်းပညာအကြံပေးခြင်း၊ နည်းပညာ ပြန့်ပွားရန် ဆောင်ရွက်ခြင်းများနှင့် လက်တွေ့အသုံးချနည်းပညာ ရပ်ဆိုင်ရာ သင်တန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်တန်းများနှင့် ဓါတု ပစ္စည်းလုံခြုံစိတ်ချမှုဆိုင်ရာ သင်တန်းများဆင့်ပွားသင်ကြားပို့ချနိုင်ရေး ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ ကွင်းဆင်းလေ့လာခြင်းနှင့် ဘွဲ့ကြိုစာတမ်း၊ မဟာဘွဲ့၊ ပါရဂူ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများအတွက် ကျမ်းပြုသုတေသနလုပ်ငန်းများတွင် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများကို နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ် များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


