ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယခုလအတွင်းပြုလုပ်မည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ကြက်တောင်အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကစားသမားများအား ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက ကြိုးပမ်း ခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ပြုလုပ်သည့် လက်ရည်စစ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သတ်မှတ်ထားသည့်အဆင့်အတွင်း ဝင်ရောက်ခဲ့သဖြင့် လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အိုလံပစ်ကြက်တောင်ပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး မြန်မာ ကြက်တောင်မယ် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမားစုစုပေါင်း ၄၃ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရည်စစ်ပွဲ အောင်မြင်သူများအပြင် တိုက်ကြီးများအလိုက် သက်ဆိုင်ရာအိုလံပစ်ကော်မတီများ၏ တင်ပြမှုကြောင့် ရွေးချယ်ခံရသည့် ကစားသမားအချို့လည်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းတို့မှ နှစ်ဦး တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ကနေဒါ၊ အမေရိကန်၊ ဒိန်းမတ်၊ ရုရှား၊ ဂရိတ်ဗြိတိန်၊ မလေးရှား၊ တူရကီ၊ ဟောင်ကောင်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗီယက်နမ်၊ ဆွစ်ဇာလန်၊ အစ္စရေး၊ အက်စ်တိုးနီးယား၊ မြန်မာ၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ သြစတြေးလျ၊ ပီရူး၊ နိုင်ဂျီးရီးယား၊ ဆလိုဗက်ကီးယား၊ ဘရာဇီးလ်၊ မက္ကဆီကို၊ ပါကစ္စတန်၊ မော်လ်ဒိုက်၊ ယူကရိန်း၊ စပိန်၊ အီဂျစ်၊ အီရန်၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဂွါတီ မာလာတို့မှ တစ်ဦးစီ ယှဉ်ပြိုင်ခွင့်ရရှိ ထားသည်။ အိုလံပစ်အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့် လက်ရည်စစ်ပွဲကာလအတွင်း စုစုပေါင်းပြိုင်ပွဲ ၁၅ ခု ယှဉ်ပြိုင်ခဲ့ပြီး ရမှတ် ၂၃၆၅၀ ရရှိခဲ့သည်။
သက်ထားသူဇာသည် ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန် အထိသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရပြီး ယင်းနောက်ပိုင်း ပြိုင်ပွဲများ မယှဉ်ပြိုင်ရသည်မှာ တစ်နှစ်ကျော်ကြာ မြင့်နေပြီဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-သက်ထားသူဇာ Facebook