mdn

နေပြည်တော် ၇ ဇူလိုင်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ရတနာတန်းဝင်  ကျွန်းပင်များကို စိုက်ပျိုးကြပြီး ဝန်ထမ်းများက သတ်မှတ်နေရာများတွင် ဝါးပိုးဝါးပင်များကို စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်၊ ဝါးပိုးဝါး ၊ မန်ဂျန်ရှားပင်၊ ငှက်ပျောပင် စုစုပေါင်း (၂၂၀၀) စိုက်ပျိုးခဲ့ကြပြီး  ရုံးအမှတ် (၃) နှင့် ရုံးအမှတ် (၅၂) တို့၌ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ သစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် စိန်တလုံးသရက် ၉၀ ရာခိုင်နှုန်း၊ ရတနာတန်းဝင် ကျွန်းပင် ၈၉ ရာခိုင်နှုန်း၊ ပျဉ်းကတိုး ၈၇ ရာခိုင်နှုန်းနှင့် နှစ်ရှည်သီးနှံပင် စုစုပေါင်း ၉၄ ရာခိုင်နှုန်းမှာ အောင်မြင်ဖြစ်ထွန်းခဲ့ကာ လျော့နည်းရာခိုင်နှုန်း နေရာများတွင် စိန်တလုံး သရက်နှင့် ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး နှင့် နှစ်ရှည်သီးနှံပင်များကို အစားထိုးစိုက်ပျိုး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)