နေပြည်တော် ဇူလိုင် ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဇူလိုင် ၅ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အ‌ဦများကို ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအတွက် ဝတ်စုံများ၊ ဦထုပ်နှင့်ရှူးဖိနပ်များ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။  


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာလေမြို့၊ နားအွန်-မယ်ပိန်း ကျေးရွာချင်းဆက်လမ်း ၃မိုင် ၅ ဖာလုံအနက် ၁မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လမ်းရေရှည်ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မှာကြားသည်။ ယင်းနောက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တင်ပြချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသော မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ တောညု-နမ့်ခွန်းတောင်ကျေးရွာ သွားလမ်းကို ကြည့်ရှုပြီး ကျိုင်းတုံမြို့ ဆင်နှစ်ကောင် ရေလှောင်ကန်မှ သောက်သုံးရေ လုံ‌လောက်စွာရရှိရေး ထပ်မံတိုးချဲ့ဆောင်ရွက် မည့်အစီအမံများနှင့်ပတ်သက်၍ တာဝန်ရှိသူတို့၏က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆောင်ရွက်ရမည့် ကိစ္စများကို ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းတွင် မက်မန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသခံဝန်ထမ်းများ၊ ပြည်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မက်မန်းမြို့နယ် ကောင်းလန်းကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ပါလောင်းကျေးရွာများအတွက် အိမ်သုံးဆိုလာ ၅၁ စုံ၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံအဖြူ/အစိမ်းနှင့် ဗလာစာအုပ် ၄၃၇ စုံတို့ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ရှောင် လမ်း ၂ မိုင် ၄ ဖာလုံတွင် ၁ မိုင် ၄ ဖာလုံ အပြီးသတ် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ နမ့်ကျွတ် (ပန်ဖိန်း) - ပန်ကောက် - ရောင်ပန် ကျေးရွာချင်းဆက်လမ်း ၁၂ မိုင်တွင် ၅ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည် တည်တံ့စေရန် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းရေး၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လိုအပ်သော နေရာများတွင် ရေထုတ်ပြွန်များ ထပ်မံထည့်သွင်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် မိုင်းပျဉ်းမြို့ ‌ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟိုကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၎င်းကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြားလျက် ရှိသောကျောင်းသား/ ကျောင်းသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးရေးနှင့် လိုအပ်သည့်ကိစ္စရပ်များ ဖြည့်ဆည်းပေးရေး စီမံ‌ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်‌ထောင်စုဝန်ကြီးသည် မိုင်းပျဉ်းမြို့နယ်၊ ဟွေဟင် (၇) မိုင်ကျေးရွာမှ သုဝဏ္ဏသျှံတောင်တော်အထိ မြေသားလမ်း ၁၃ မိုင် ၂ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၄၅၅၁ သန်းဖြင့်လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၃ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၂ ကျောင်းတို့ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်