ကန့်ဘလူ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာများ ထားရှိကုသနိုင်ရေးအတွက် နေရာလိုအပ်ချက်အရ တာဝန်ရှိသူများက ဇူလိုင် ၇ ရက်က ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့၌ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံရှိ စောင့်ကြည့်စင်တာနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့တွင် နေရာလိုအပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ စောင့်ကြည့်ကုသနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အလေးမအားကစားရုံကို ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့ရှိ စောင့်ကြည့်ကုသရေးစင်တာနှစ်ခုတွင် ဇူလိုင် ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၄ ဦးရှိပြီး သေဆုံးတစ်ဦးရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


