ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာဖက်ဒဲရာနဲ့ ဆားဘီးယားပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ဂျိုကိုဗစ်တို့ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အသီးသီးကို ယှဉ်ပြိုင်ကစားခဲ့ရာ ရော်ဂျာဖက်ဒဲရာဟာ ဟူဘတ်ဟာကက်ဇ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီး လက်ရှိ ဝင်ဘယ်ဒန်တင်းနစ်ချန်ပီယံ ဂျိုကိုဗစ်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဟန်ဂေရီတင်းနစ် ကစားသမား ဖူဆိုဗစ်ကို အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
ဝင်ဘယ်ဒန်တင်းနစ်ချန်ပီယံဆုဖလားကို ရှစ်ကြိမ်အထိ ရယူဆွတ်ခူးထားနိုင်ခဲ့တဲ့ ရော်ဂျာဖက်ဒဲရာဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဟူဘတ်ဟာကက်ဇ်ကို ၆-၃၊ ၇-၆(၇-၄)၊ ၆-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကိုးကြိမ်မြောက် ချန်ပီယံဖြစ်ရေးမျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်ပါတယ်။
ရော်ဂျာဖက်ဒဲရာကို အနိုင်ရရှိခဲ့တဲ့ ဟူဘတ်ဟာကက်ဇ်ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အီတလီတင်းနစ်ကစားသမား ဘာရက်တီနီနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘာရက်တီနီဟာ ကွာတားဖိုင်နယ်အဆင့်မှာ ကနေဒါတင်းနစ်ကစားသမား အော်ဂါအလီယက်ဆီမီကို ၆-၃၊ ၅-၇၊ ၇-၅၊ ၆-၃နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ်တစ်တင်းနစ်ကစားသမား ဂျိုကိုဗစ်ကတော့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာ ဟန်ဂေရီတင်းနစ်ကစားသမား ဖူဆိုဗစ်ကို ၆-၃၊ ၆-၄၊ ၆-၄ နဲ့ အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ ဆားဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဒိန်းမတ်တင်းနစ် ကစားသမား ရှာပိုဗာလော့ဗ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဝင်ဘယ်ဒန်တင်းနစ်ဆုဖလားကို ငါးကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်တာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ဆုဖလားကို ခြောက်ကြိမ်အထိ ဗိုလ်စွဲခွင့်ရရှိမယ့် ကစားသမားအဖြစ် ရေပန်းစားနေပြီး ဂျိုကိုဗစ်နဲ့ ရှာပိုဗာလော့ဗ်တို့ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဇူလိုင် ၉ ရက်မှာ ကျင်းပသွားဖို့ ရှိနေတာဖြစ်ပါတယ်။
ငွေကြယ်