ဗန်းမော် ဇူလိုင် ၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဗန်းမော်ခရိုင်အတွင်း၌ ငါးသယံဇာတတိုးပွားရေး၊ ပြည်သူလူထုများ ငါးအပြည့်အဝ စားသုံးနိုင်စေရေးနှင့် ငါးသယံဇာတ မပျောက်ဆုံးသွားစေရန် ရည်ရွယ်၍ ဇူလိုင် ၉ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ ဂေါ်ရာကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၄ဝဝဝဝ) ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဂေါ်ရာကန်အတွင်းသို့ (၂)လက်မအရွယ်ရှိ ငါးခုံးမကောင်ရေ (၁၀၀၀၀)နှင့် ငါးမြစ်ချင်းကောင်ရေ (၃၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄ဝဝဝဝ)ကို ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
"ဗန်းမော်ခရိုင်အတွင်းမှာ ငါးသယံဇာတတိုးပွားလာဖို့၊ ဒေသခံတောင်သူတွေ ငါးကိုအပြည့်အဝစားသုံးနိုင်ဖို့၊ ငါးသယံဇာတ မပျောက်ဆုံးစေဖို့အတွက် ငါးမျိုးထည့်ရခြင်းဖြစ်ပါတယ်၊ အရင်နှစ်နဲ့မတူဘူး၊ အခုက အဖတ်တင်နှုန်းကောင်းအောင်လို့ (၂)လက်မအရွယ်ရှိတဲ့ ငါးသားပေါက်ကိုပဲ ရွေးပြီးထည့်နေပါတယ်၊ အခု ကျွန်တော်တို့ ခုနှစ်လပိုင်း၊ ရှစ်လပိုင်း၊ ကိုးလပိုင်းအထိ ဆက်တိုက်ငါးမျိုးစိုက်ထည့်သွားမှာဖြစ်ပြီး၊ ဗန်းမော်ခရိုင်အတွင်းမှာတော့ ဒီနှစ်ဆို (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ စိုက်ထည့်ဖို့အတွက် ကောင်ရေ(၈)သိန်း သတ်မှတ်ထားပါတယ်" ဟု ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


