ငဖဲ   ဇူလိုင်   ၉

နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိုင်ရန်၊ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ လျော့နည်းပပျောက် စေရန်၊ နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်၊ မြို့ပြကျေးလက်နေ ပြည်သူ များသွားလာမှုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍  One Stop Service စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားထားချက်အရ သိရသည်။

အဆိုပါစီမံချက်မှာ ဇူလိုင် ၇ ရက်မှ ဩဂုတ် ၁၉ ရက်ထိ ရုံးဖွင့်ရက်ပေါင်း ၃၀ အတွင်း  မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် One Stop Service စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ခံဆောင်ရွက်ပြီး အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူလူထုများ သိရှိပြီး လိုက်ပါဆောင်ရွက်ကြရန်နှင့် ပူးပေါင်းပါဝင်ရမည့် ဌာနဆိုင်ရာများမှ ဆက်စပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)