မလှိုင်  ဇူလိုင်   ၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ဝါအထူးဇုန်နှင့် ဝါမျိုးစေ့ထုတ် ၃ဝ၄ ဧကအတွက် ဝါမျိုးသန့်မျိုးစေ့နှင့် လူနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၈ ရက်က မလှိုင်မြို့နယ် သပြေပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။ 

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဝါမျိုးသန့် မျိုးစေ့နှင့် လူနယ်ဆေးများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက မျိုးစေ့ထုတ်ဧကနှင့် အထူးဇုန်စိုက်ဧကများ စိုက်ပျိုးရခြင်းနှင့် ဝါစိုက်ပျိုးနည်းစနစ်များ၊ အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဝါမျိုးသန့်မျိုးစေ့နှင့် လူနယ်ဆေးများကို ဝါစိုက်တောင်သူများထံ ပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင်၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် (Quick Win) မျိုးစေ့ထုတ် ဧက ၁၅ဝ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဝါအထူးဇုန်ဧက ၁၅၄ ဧက စုစုပေါင်း ၃ဝ၄ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်ဧကလျှင် သုံးပိဿာပါ ရွှေတောင်(၁ဝ) ဝါ မျိုးသန့်မျိုးစေ့တစ်အိတ်နှင့် (20 WP) လူးနယ်ဆေး တစ်ထုပ်နှုန်း ပေးအပ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်  စိုက်ပျိုးမည့် သပြေပင်ကျေးရွာမှ တောင်သူ ၄၇ ဦး၊ ဆည်ကြီးကျေးရွာမှ ၁၅ ဦး၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် စိုက်ပျိုးမည့် ဆည်ကြီးကျေးရွာမှ တောင်သူ ၃၂ ဦးစုစုပေါင်း ၉၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။    
 
အောင်ဌေး(မလှိုင်)